Showing posts with label ရှောင်သင့်သော. Show all posts

စွဲဆောင်မှု မရှိသူများ  

ရေးသားသူ - XyBo

ဒီနေ့တော့ ကိုရီးယားsite တစ်ခုကို မွှေနှောက်ရှာရင် ဖတ်ရှုရတဲ့ စာစုလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်။ ကျွန်မရဲ့ စိတ်နဲ့လည်း အတော် တိုက်ဆိုင်နေတာမို့ မျှဝေပေးလိုက်ပါတယ်။

ယောင်္ကျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသောမိန်းမများ

၁. အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ
၂. မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ
၃. ဆေးလိပ်သောက်တတ်သောမိန်းကလေးများ
၎. သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ
၅. သူ့ပိုက်ဆံအကုန်သက်သာအောင် အနားကို အတင်းကပ်နေတတ်သော မိန်းကလေးများ
၆. အစစ်အမှန်ဆိုတာကို သူ့ရဲ့ ကိုယ်မှာ ရှာလို့ မတွေ့နိုင်သော မိန်းကလေးများ
၇. အမြဲတမ်း အလွဲလွဲ အချော်ချော်များကိုဘဲ လုပ်နေတတ်သော မိန်းကလေးများ
၈. အဆဲအဆို သန်သော မိန်းကလေးများ
၉. လုံးဝကို ပြင်ပြင်ဆင်ဆင် မနေတတ်သော မိန်းကလေးများ
၁၀. သူဟာသာ တလောကလုံးမှာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်တတ်ကြသော မိန်းကလေးများ
၁၁. ယောင်္ကျားတစ်ယောက်ကို အရာဝထ္ထု တစ်ခုလို သဘောထားတတ်ကြသောမိန်းကလေးများ

ဒီလို မိန်းကလေးမျာကိုတော့ အမျိုးသာများက သိပ်ပြီး မနှစ်သက်ကြပါဘူတဲ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မတူနိုင်တဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ယေဘူယျ သဘောတရားကို ဖော်ပြထားတာမို့ တစ်ခေါက်လောက် လေ့လာတာလည်း မှားတယ် မဆိုနိုင်ပါဘူး။ ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးများကတော့ ကိုယ်ဟာ ဒီ ၁၁မျိုးထဲမှာ မပါဘို့ ရှောင်သင့်တာ ရှောင်နိုင်တာပေါ့နော်။

မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ


၁. သဘောထား သေးသိမ်သော ယောင်္ကျားများ
၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ
၃. အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောင်္ကျားများ
၎. ကတ်စီး အရမ်းနည်းတတ်သော ယောင်္ကျားများ
၅. သူတပါးအတွက် စဉ်းစားပေးလေ့ မရှိဘဲ ကိုယ့်အကြောင်းကိုဘဲ ကြည့်တတ်သော တကိုယ်ကောင်းဆန်သော ယောင်္ကျားများ
၆. ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင် လုပ်မပေးတတ်သော ယောင်္ကျားများ
၇. စကားအလွန်များသော ယောင်္ကျားများ
ဂ. ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပြီး မသုံးတတ် မစွဲတတ်သော ယောင်္ကျားများ
၉. သူငယ်ချင်းများကို ဆဲဆိုနေတတ်သော ယောင်္ကျားများ
၁၀. အပြောင်းအလဲ မြန်ဆန်သော ယောင်္ကျားများ
၁၁. နှာဘူးကျလွန်းပြီး အသားအရမ်းယူတတ်သော ယောင်္ကျားများ

ဒီလို ယောင်္ကျားအမျိုးအစားများကိုတော့ မိန်းကလေးများက မနှစ်သက်ကြပါဘူးတဲ့။ ဒါဟာလည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မိန်းကလေးအားလုံးဟာ ဒီလိုပါလို့တော့ ပြောလို့မရပါဘူး။ အရင်တစ်ခေါက် ရှောင်သင့်သောမိန်းမများ အကြောင်းရေးတုန်းက အစ်ကို တစ်ယောက်က မျှမျှတတ ရေးပါဆိုလို့ ခုတခါတော့ အားလုံးကို ၁၁ချက်စီ ဖော်ပြပေးလိုက်ပါတယ်။

လူနဲ့ ကိုယ်အမူအရာ  

ရေးသားသူ - XyBo

လူတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ရဲ့ ကိုယ်ဟန်အမူအရာမှာ ဖော်ပြတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ သူတပါးကို အကဲကောင်းကောင်းခတ်တတ်ဘို့အတွက် ဒီကနေ့တော့ ကိုယ်ဟန်အမူအရာကို ကြည့်ပြီး သိနိုင်မဲ့ လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။





၁. နံပါတ် ၁ ပုံကို ကြည့်ချင်းအားဖြင့် သိရှိနိုင်တာကတော့ ဒီလိုပါ။ အကယ်၍ အလုပ်သဘောအရဘဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ဘဲ ဖြစ်ဖြစ် အသိမိတ်ဆွေများနဲ့ တွေ့ဆုံရတဲ့ အခါများ ရှိတတ်ပါတယ်။ ဒီလို တွေ့ဆုံတဲ့ အခါမှာ အချင်းချင်း ထိုင်ရင်း စကားပြောတဲ့ ပုံစံကို ကြည့်ပြီး တဘက်သူရဲ့ ကိုယ့်အပေါ်မှာ ထားတဲ့ စိတ်ထားကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ တဘက်လူက ဒီပုံလေးထဲက အမျိုးသားလို ကိုယ့်ဘက်ကို ကိုင်းပြီး ပြောတယ်ဆိုရင်တော့ ကိုယ့်ရဲ့ သဘောထားတွေကို ထောက်ခံနေတဲ့ ပုံစံမျိုး ဖြစ်ပြီး ကိုယ်နဲ့လည်း တကယ့်ကို ခင်မင် ရင်းနှီးချင်တဲ့ စိတ်လည်း ရှိနေနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ တဘက်လူက ပုံလေးထဲက အမျိုးသမီးလိုမျိုး နောက်ကို ယိမ်းပြီး ပြောနေတယ်ဆိုရင်တော့ အဲဒီလူဟာ ကိုယ်နဲ့ သဘောထား အနည်းငယ် ကွဲလွဲနေတာမျိုး ဖြစ်တတ်သလို ကိုယ့်ကို သတိထားပြီး ဆက်ဆံနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်တဲ့။



၂. နံပါတ် ၂ ပုံကို ကြည့်ရင်တော့ ဒီလိုသိနိုင်ပါတယ်။ ကိုယ်နဲ့စကားပြောနေရင်းကနေပြီး ထိုင်ခုံမှာမှီ ခြေထောက်ကိုကားထားတတ်တဲ့ လူအချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။ အဲဒီလို လုပ်လိုက်တဲ့ လူရဲ့ စိတ်ထဲမှာ ကိုယ့်ကိုကို သိပ်အထင်ကြီးနေတာမျိုး၊ ဒီ စကားဝိုင်းမှာတော့ ငါသာလျှင် အဓိကလို့ ထင်တတ်သူများ ဖြစ်တတ်ပါတယ်တဲ့။ ဒါ့အပြင် ကိုယ်နဲ့ စကားပြောနေရင်း ဒီပုံလေးထဲကလို လုပ်တတ်သူများက ကိုယ့်ကို အနည်းနဲ့ အများ အထင်သေးနေတယ် ဆိုတာကိုလည်း သိနိုင်ပါတယ်။ ကျွန်မအထင်တော့ တဘက်လူနဲ့ စကားပြောနေတုန်း ဒီလို အပြုအမူမျိုးကို လုပ်တာဟာ ရိုင်းပြတယ်လို့ ထင်မိပါတယ်။

၃. နံပါတ် ၃ မှာ ဖော်ပြထားတဲ့ အမျိုးသမီးလိုမျိုး စကားပြောနေရင်းကနေ ရုတ်တရက် လက်ပိုက်တတ်တာမျိုးကိုလည်း ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ အနည်းနဲ့ အများ မြင်တွေ့နိုင်မှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် သိနိုင်တာကတော့ သူဟာ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိဘူးဆိုတာပါဘဲ။ အဲဒီလို စကားပြောရင်း လက်ပိုက်ခြင်းဟာ သူ့မှာ အဆင်မပြေမှု တခုခု ရှိတယ်ဆိုတာကို ဖော်ပြတာနဲ့ တူပါတယ်တဲ့။ လူတွေဟာ စိတ်မကြေနပ်မှုရှိလို့ဘဲ ဖြစ်ဖြစ် တခုခုကို အလိုမကျတဲ့ အခါမှာဘဲ ဖြစ်ဖြစ် ဒီလို လက်ပိုက်ခြင်းအားဖြင့် ဖော်ပြတတ်ပါတယ်တဲ့။



၎. ပုံနံပါတ် ၄ မှာ ဖော်ပြထားသလို စကားပြောနေရင်းနဲ့ စားပွဲကို လက်နဲ့ ထောက်ထားတဲ့ လူကို ကြည့်ခြင်းအားဖြင့် ဒီလို အချက်တွေကို သတိပြုနိုင်ပါတယ်။ ဒီလိုလူမျိုးဟာ သူတို့ကိုယ်သူတို့ အခွင့်အာဏာ ရှိသူလို့ ယုံကြည်မှု ပြင်းထန်သူများ ဖြစ်ပါတယ်။ ငါဟာ လုပ်ပိုင်ခွင့်ရှိသူဘဲဆိုတာကို ဖော်ပြနေတာနဲ့ တူပါတယ်တဲ့။



၅. ပုံနံပါတ် ၅မှာလို စကားပြောရင်းနဲ့ ခါးထောက်ထားတတ်တဲ့ လူများကိုလည်း တွေ့ဘူးကြမှာပါ။ ဒီလို လူများကတော့ သူတို့နဲ့ စကားပြောနေသူများထက် အထက်စီးက ရှိကြောင်း ယုံကြည်နေသူများ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိသလို ငါမမှားဘူး၊ ငါမှန်တယ်ဆိုပြီး တွေးထင်နေတတ်တဲ့ အခါမှာ လူတွေဟာ ဒီလို ခါးထောက်တတ်ကြပါတယ်တဲ့။ ဒီလို အချိန်မှာ သူနဲ့ သွားပြီး မညင်းခုံတာ ကောင်းတာပေါ့နော်။



၆. တခါတလေမှာ ပုံနံပါတ်၆ထဲကလို လက်နောက်ပစ်နေတတ်တဲ့ လူမျိုးကို တွေ့နိုင်ပါတယ်။ အဲဒီလို လူများကတော့ ငါ့အနားကို မလာနဲ့လို့ ပြောနေတာနဲ့ တူပါတယ်တဲ့။ ဒါပေမယ့် တချိန်လုံး လက်နောက်ပစ်နေတတ်တဲ့ အကျင့်က တကယ်တော့ သိပ်မကောင်းလှပါဘူးတဲ့။ ဒီလို လက်နောက်ပစ်နေခြင်းဟာ အထက်လူကြီးရဲ့ မောက်မာတယ်ဆိုတဲ့အထင်အမြင် လွဲမှား မှုကို ခံရတတ်ပါတယ်တဲ့။ သတိထားသင့်တဲ့ အပြုအမူလို့ မြင်ပါတယ်။



၇. စကားပြောနေရင်းနဲ့ ပုံနံပါတ် ၇ထဲကလို လက်နှစ်ဘက်ကို ယှက်ထားရင်း လက်မကို ထောင်ထားတတ်တဲ့ ပုံစံကတော့ သူနဲ့ စကားပြောနေသူကိုဘဲ ဖြစ်ဖြစ်၊ စကားပြောနေတဲ့ အကြောင်းအရာကိုဘဲ ဖြစ်ဖြစ် အကောင်းဘက်က မြင်နေတယ်ဆိုတဲ့ သဘောမျိုးကို ဆောင်နေပါတယ်တဲ့။



၈. ပုံနံပါတ် ၈ မှာ ဖော်ပြထားတဲ့ အပြုအမူကတော့ ဒီလို သဘောကို ဆောင်ပါတယ်တဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အရမ်းပြင်းထန် နေတယ်ဆိုတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်တဲ့။



၉. တဘက်လူဟာ ပုံနံပါတ် ၉ မှာ ဖော်ပြထားသလို လည်ပင်းကို တို့လိုက်ထိလိုက်၊ ဆွဲကြိုးကို ကိုင်လိုက်နဲ့ လုပ်တာကတော့ သူဟာ အဆင်မပြေမှုတစ်ခုခုကို ခံစားနေရတယ်ဆိုတာကို ဖော်ပြခြင်းပါတယ့်။ တဘက်လူကို သံသယ၀င်တာတို့ မကောင်းတာတစ်ခုခု ဖြစ်တော့မှာဘဲဆိုတဲ့ စိတ်မချတဲ့ စိတ်မတွေ ဖြစ်ပေါ်နေတဲ့ အခါမှာ ဒီလို လုပ်တတ်ပါတယ်တဲ့။ ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာ မင်းသမီးများက တခါတလေ တခုခု ဖြစ်တော့မယ်ထင်တဲ့ အခါမှာ ဒီလို လည်ပင်းကို တို့ထိတာမျိုးကို မြင်နိုင်ပါတယ်။



၁၀. ကိုယ်နဲ့ စကားပြောနေတဲ့လူဟာ ပုံနံပါတ် ၁၀ မှာ ပြထားသလို ခြေထောက်ကို ချိတ်ပြီး လှုပ်ရမ်းနေတယ်ဆိုရင်တော့ အဲဒါဟာ ကိုယ့်ကို သိပ်သဘောမကျဘူးဆိုတာကို ဖော်ပြနေတာပါဘဲ။ ကိုယ့်ကို သိပ်ပြီး စိတ်ထဲ မတွေ့ဘူးဆိုတာကို သိပြီဆိုရင်တော့ ရှောင်သင့်တဲ့ စကားတွေ အပြုမူတွေကို ရှောင်ပြီး ဆက်ဆံရင်တော့ ပိုကောင်းမှာပေါ့နော်။



၁၁. ရပ်နေရင်းနဲ့ ပုံ ၁၁ ထဲကလို ခြေထောက်ချိတ်ထားတာကတော့ အခုအချိန်မှာ သူဟာ သက်တောင့်သက်သာရှိပြီး အပူအပင် မရှိဘူးဆိုတာကို ဖော်ပြတာပါတဲ့။



၁၂. ပုံနံပါတ် ၁၂မှာလို ရပ်နေရင်းကနေ ခြေဖျားလေးကို ကော့ထားတာကတော့ စိတ်အခြေအနေ ကောင်းနေတယ်ဆိုတာကို ဖော်ပြတာပါတဲ့။ စိတ်ကြည်လင်ပြီး ပျော်ရွှင်နေတဲ့ အခါမှာ လူတွေဟာ ဒီလို လုပ်တတ်ပါတယ်တဲ့။



နိုင်ငံတိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှု သဘာဝတွေရှိတာကြောင့် ယခု ဖော်ပြပေးလိုက်တဲ့ ခြေဟန်လက်ဟန်တွေရဲ့ ဆိုလိုချက်တွေဟာ တသွေမတိမ်း မတူညီတဲ့ အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိဘို့ လူတွေကို အကဲခတ်တဲ့ နေရာမှာတော့ အနည်းနဲ့ အများ အထောက်အကူ ပေးမယ်လို့ ထင်မြင်မိတဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အမှတ်တမဲ့မှ နောင်တသို့  

ရေးသားသူ - XyBo

လူတွေဟာ စကားကို လွယ်လွယ် ပြောတတ်လေ့ရှိပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားဟာ ဘယ်လို အဓိပ္ပါယ် ရှိတယ်၊ ဘယ်လို နောက်ဆက်တွဲတွေ ရှိနိုင်တယ်ဆိုတာကို စဉ်းစားမနေဘဲ အလွယ်တကူ ပြောလေ့ပြောထရှိပါတယ်၊ အထူးသဖြင့် ကိုယ်ပြောတဲ့စကားကို နားမလည်ဘူးဆိုရင်တော့ ပိုပြီး လက်လွတ်စပါယ်နဲ့ စကားကို ပြောတတ်ကြပါတယ်။ သူဟာ ငါပြောတာကို နားမှ မလည်ဘဲဆိုတဲ့ အတွေးနဲ့ ထင်သလို လုပ်တတ်တာကတော့ လူ့သဘာဝပါဘဲ။ ဒါမျိုးအတွေ့အကြုံကို နိုင်ငံခြားရောက်နေတဲ့ သူများက အများဆုံး ကြုံတွေ့ဘူးကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဒီကနေ့တော့ စကားကို မဆင်မခြင် ပြောမိမှုကြောင့် အားနာစရာ အဖြစ်အပျက်လေးတွေကို တွေ့ကြုံရပုံကို ဖော်ပြပေးသွားပါမယ်။
တခါတုန်းက ကျွန်မသူငယ်ချင်း တစ်ယောက်က သူ့အစ်မတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် တစ်ခုကို ပြောပြခဲ့ပါတယ်။ သူ့အစ်မက ဘန်ကောက်မှာ နေထိုင်နေပါတယ်တဲ့။ သူဟာလည်း နိုင်ငံခြားရောက်နေတဲ့ သူများလိုဘဲ ထိုင်းလူမျိုးများမသိတဲ့ မြန်မာဘာသာစကားနဲ့ အတင်းပြောတာတို့၊ ပြောင်တာတို့ နောက်တာတို့ကို လုပ်ခဲ့ပါတယ်တဲ့။ တနေ့မှာတော့ မြို့ထဲမှာ လျှောက်သွားရင်း လူတစ်ယောက် မုန့်စားနေတာကို တွေ့ပါသတဲ့။ အဲဒီအခါမှာ မိန်းကလေးဟာ ခါတိုင်း နောက်နေ ပြောင်နေအတိုင်း ပြောင်နောက်ချင်လာတာနဲ့ အဲဒီမုန့်စားနေတဲ့လူကို ဒီလို နောက်လိုက်ပါတယ်တဲ့။ "ကျွေးပါအုံးလား၊ စားချင်လိုက်တာ" လို့ မြန်မာလို နောက်လိုက်ပါတယ်တဲ့။ အဲဒီအခါမှာ မုန့်စားနေတဲ့လူက ပြန်ပြောလိုက်တာကတော့ ဒီလိုပါ။ " ကျွေးပါ့မယ်၊စားပါအုံး " တဲ့။ အဲဒီလူလဲ မြန်မာလူမျိုး ဖြစ်နေတာပေါ့။ ဒီအခါမှ မိန်းကလေးလည်း အရမ်းအားနာပြီး တောင်းပန်ခဲ့ရပါတယ်တဲ့။ ဒါဟာလည်း စကားကို လက်လွတ်စပါယ် ပြောတတ်တဲ့ အကျင့် တစ်ခုရဲ့ ဥပမာတစ်ခုပါဘဲ။

နောက်ထပ် ကိစ္စ တစ်ခုကတော့ ကျွန်မရဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။ ကျွန်မနဲ့ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းဟာလည်း အထက်ပါ မိန်းကလေးလိုဘဲ ကျွန်မတို့ စကားကို နားမလည်တဲ့ ကိုရီးယားလူမျိုးများကို နောက်ပြောင်လေ့ရှိပါတယ်။ အထူးသဖြင့် ကျွန်မသူငယ်ချင်းပေါ့။ ကျွန်မသူငယ်ချင်းက အစကတည်းက အနောက်အပြောင်သန်သူမို့ ကိုရီးယားလူမျိုးများကို သူတို့မသိတဲ့ မြန်မာစကားနဲ့ နောက်ပြောင်ရတာကို နှစ်ခြိုက်သူပါ။ ကျွန်မကတော့ အစကတည်းက စနောက်တာကို သိပ် မနှစ်သက်လို့ စနောက်လေ့မရှိပါဘူး။ ကျွန်မသူငယ်ချင်းကတော့ Taxi စီးရင်းလည်း Taxi Driver ကို စတယ်။ ဈေးဝယ်ရင် ဈေးသယ်ကို စတယ်။ ဒီလိုစတတ်တဲ့ အကျင့်က ကျွန်မဆီကိုလည်း အနည်းငယ်တော့ ကူးစက်လာပါတယ်။ ဒီလိုနဲ့ သိပ်မကြာသေးခင်က ကျွန်မတို့ နှစ်ယောက် မြန်မာပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကို သွားခဲ့ပါတယ်။ ကျွန်မကတော့ သုံးကြိမ်မြောက် သွားခြင်းမို့ အဲဒီ့ဆိုင်က ဆိုင်ပိုင်ရှင်နဲ့ လူတချို့ကို သိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ သူငယ်ချင်းကတော့ ခုမှ ဦးဆုံးမို့ ဘယ်သူက ဆိုင်ရှင်ဆိုတာတောင် မသိဘူးလေ။ အဲဒီ ဆိုင်ရှင်ဦးလေးက ဖြူဖြူ၀၀တုတ်တုတ်နဲ့ ကိုရီးယား တစ်ယောက်နဲ့ တော်တော်တူပါတယ်။ အဲဒီ ဦးလေးကြီးက ဒီဆိုင်ရှင်ဖြစ်ကြောင်း ကျွန်မသူငယ်ချင်းကို အရမ်းပြောပြချင်ခဲ့ပါတယ်။ ဒါကြောင့် ဆိုင်ရှင်ဦးလေးကြီး ဆိုင်ထဲကို ၀င်လာခိုက်မှာ ကျွန်မက သူငယ်ချင်းကို သတိလက်လွတ်နဲ့ ပြောလိုက်မိပါတယ်။ " ဟဲ့... ခုဝင်လာတဲ့ ဦးလေးကြီးက ဆိုင်ရှင်ပေါ့ " လို့ ပြောလိုက်မိပါတယ်။ ကျွန်မသူငယ်ချင်းကတော့ ကျွန်မကို ဘာစကားမှ ပြန်မပြောဘဲ မျက်လုံးအပြူးသားနဲ့ ကြည့်နေခဲ့ပါတယ်။ ကျွန်မကတော့ သူသေချာ နားမလည်သောကြောင့် ကြောင်ကြည့်နေတယ် အထင်နှင့် ဆိုင်ထဲသို့ ၀င်လာတဲ့ ဆိုင်ရှင်ဦးလေးကြီးကို လှမ်းကြည့်လိုက်တော့ တစ်ချိန်ထဲမှာ ဦးလေးကြီးနှင့် အတူ ၀င်လာတဲ့ လူအချို့ကိုလည်း လှမ်းမြင်လိုက်ရပါတယ်။ ဒီတော့ ကျွန်မသူငယ်ချင်း ကျွန်မကို ပြူးကြည့်နေတာ ဒါကြောင့်ဘဲနေမှာဟု ထင်ကာ နောက်ဆက်တွဲ စကားဖြင့် ဆိုင်ရှင်ဦးလေးကြီး ဘယ်သူဖြစ်ကြောင်းကို ရှင်းပြလိုက်ပါတယ်။ " အဲဒီ ၀တုတ်ကြီးပေါ့ " ဟူ၍ ...... အဲဒီ့ စကားပြောပြီးမှ ကျွန်မ အသိထဲ ၀င်လာတာ တစ်ခုကတော့ ဟိုက်... မြန်မာဆိုင်ပါလား!!! ကျွန်မ ချက်ချင်း ကျွန်မသူငယ်ချင်းကို လှမ်းကြည့်လိုက်မိတော့ သူက ကျွန်မကို အံ့သြောကြီးစွာ ငေးကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာကို တွေ့ရပါတယ်။ ကျွန်မ တချိန်တည်းမှာဘဲ ဆိုင်ရှင်ဦးလေးကြီးကို လှမ်းကြည့်လိုက်ပါတယ်။ ဦးလေးကြီးကို ကြည့်ရတာတော့ သိဟန်မပေါ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဘေးမှာ ငွေရှင်းပေးနေတဲ့ အကိုကြီးကတော့ ကောင်းကောင်းရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်မှာ အသေအချာပါဘဲ။ ကျွန်မလည်း အားနာလွန်းလို့ မျက်နှာကို ဘယ်ထားရမှန်းတောင် မသိပါဘူး။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် အမြဲ အတင်းတုတ်နေကျမို့ မြန်မာဆိုင်ဆိုတဲ့ အသိပျောက်ပြီး သတိလက်လွတ် ပြောမိတာပါ။ ကျွန်မတို့ နှစ်ယောက်လည်း ဘာလုပ်ရမှန်းမသိ ကြောင်နေပြီးမှ ဆိုင်ထဲမှ ထွက်လာခဲ့မိပါတယ်။ ဆိုင်ရှင်ဦးလေးကို နှုတ်တောင်မဆက်မိခဲ့ပါဘူး။

အဲဒီ့နေ့က ကျွန်မသိလိုက်ရတာကတော့ စကားကို လက်လွတ်စပါယ် ပြောတတ်တဲ့အကျင့်က ဒီလို အားနာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်လာတယ်ဆိုတာပါဘဲ။ ကျွန်မ ကြိုးစားပြီး ပြင်ဆင်ဘို့ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ်ပြောတဲ့ စကားကို နားလည်သည် ဖြစ်စေ နားမလည်သည် ဖြစ်စေ ဘယ်တော့မှ လက်လွတ်စပါယ် မပြောမိဘို့ကိုပါ။ ကျွန်မအတွက်တော့ မေ့မရတဲ့ သင်ခန်းစာ တစ်ခု ဖြစ်ခဲ့ရပါပြီ။ ကျွန်မလို အဖြစ်မျိုးနဲ့ မကြုံစေဘို့ ဖော်ပြပေးလိုက်ပါတယ်။

ရှောင်ကျဉ်သင့်သော မိန်းမများ  

ရေးသားသူ - XyBo

ဒီကနေ့တော့ အားလုံးစောင့်မျှော်နေကြတဲ့ ရှောင်သင့်သော မိန်းကလေးများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်..

၁. ကော်ဖီ ဒါမှမဟုတ် လက်ဘက်ရည်ကို အရမ်းကို ကောင်းကောင်း ဖျော်တတ်သောမိန်းမ

၂. သစ်သီးဝလံများကို ကျွမ်းကျွမ်းကျင်ကျင် ခွာတတ် သင်တတ်သောမိန်းမ

၃. အရက်အမျိုးအစားများ၊ အထူးသဖြင့် နိုင်ငံခြား အရက်အမျိုးအစားများကို ကောင်းကောင်း သိနေသော မိန်းမ

၎. ဖုန်း အလွန်အမင်းဆက်တတ်သော မိန်းမ

၅. အဝေးပြေးကားလမ်းများမှာ ရှိတဲ့ ကားရပ်နားစခန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သိနေတတ်သော မိန်းမ

၆. မီးရပ်သားဖွားဆေးခန်းကို မြင်တာနဲ့ ချက်ချင်း ခေါင်းငိုက်စိုက်ချပြီး နေတတ်သော မိန်းမများ

ဒီလို မိန်းမများကတော့ လက်ထက်တဲ့ အခါမှာ ရှောင်သင့်သောမိန်းမများလို့ ဖတ်ရှုခဲ့ရပါတယ်... အချက်အားလုံးကိုတော့ သဘောမတူပေမယ့် အားလုံးနဲ့မျှဝေခံစားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတဲ့ ပို့စ်များကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်...

ရှောင်ကျဉ်သင့်သော ယောင်္ကျားများ  

ရေးသားသူ - XyBo

ဒီကနေ့တော့ ရှောင်ကျဉ်သင့်သော ယောင်္ကျားများ အကြောင်းကိုတင်ပြပေးလိုက်ပါတယ်....

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ အချို့ချို့သော အချက်များလိုအပ်ပါတယ်... အဲဒီ အချက်တွေထဲက တစ်ချက်ကတော့ ကိုယ့်အပေါ်မှာ အရမ်းချစ်ပြီး အရမ်းနားလည်ပေးတတ်တဲ့ အဖော်မွန်နဲ့ တွေ့မိဘို့လည်း အပါအ၀င်ပါဘဲ... ပျော်စရာကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ ကိုယ့်ဘက်က ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ကိုယ့်ရဲ့ လက်တွဲဖော်က မကောင်းဘူးဆိုရင်တော့ အဲဒီ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်ပြီပေါ့... ဒါကြောင့် ဒီနေ့တော့ မိန်းကလေးတို့ ချစ်သူ ရွေးချယ်တဲ့ အခါ သတိထားသင့်တဲ့ ယောင်္ကျားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်... မိန်းကလေးများ အတွက်လို့ ဆိုပေမယ့် ယောင်္ကျားလေးများလည်း ဖတ်ရှုနိုင်တဲ့ စာဖြစ်ပါတယ်...
ကိုယ့်ချစ်သူ အတွက် တကယ် အားကိုးထိုက်တဲ့ သူတယောက် ဖြစ်အောင် ရှောင်ကျဉ်သင့်တာကို ရှောင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်

1. ငါ့ကို မယုံလို့လား
တခါတလေ မသင်ကာစရာ ကိစ္စလေးရှိလို့ နည်းနည်းမေးမိတာနဲ့ ဘာလဲ ငါ့ကို မယုံလို့လားဆိုပြီး ပြန်မေးခွန်းထုတ်တတ်တဲ့ ယောင်္ကျား အချို့ရှိပါတယ်... ချစ်သူမိန်းကလေးက ကိုယ့်ကို မယုံကြည်နိုင်လို့ မေးမြန်းနေတာကို ရှင်းပြဘို့ နေနေသာသာ ကိုယ့်ချစ်သူကို ပြန်ပြီး အော်ငေါက်ချင်တတ်တဲ့ ယောင်္ကျားမျိုး.... သူ့ကိုယုံကြည်ဘို့ကို အတင်းအကျပ်လုပ်ယူချင်တဲ့ ယောင်္ကျားမျိုးကတော့ လုံးဝ ယုံကြည်လို့ မရတဲ့ ယောင်္ကျားမျိုးထဲမှာ ပါတတ်ပါတယ်တဲ့... ဒီလိုလူမျိုးကို ယုံကြည်မိလို့ကတော့ နောက်နောင်မှာ ဒီထက်ဆိုးတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်တဲ့...

2. ချစ်သူမိန်းကလေးကို အမြဲတမ်း အားကိုးယုံကြည်တယ်လို့ပြောတတ်သူ

အချို့ယောင်္ကျားများက မိမိရဲ့ ချစ်သူမိန်းကလေးကို နင်နဲ့ တူတူရှိနေရင် စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောတတ်ကြပါတယ်... ဒီလို စကားကို အပြောခံရတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ချစ်သူဟာ သူတို့မရှိရင် မနေနိုင်သူပါလားဆိုပြီး အထင်မှတ်တတ်ပါတယ်... ဒါပေမယ့် ဒါဟာ တကယ့်ကို အထင်သတ်သတ်ပါဘဲ... လက်တွေမှာတော့ အဲဒီလို ပြောတတ်ကြတဲ့ ယောင်္ကျားများက သူတို့ အမှားလုပ်ရင်လည်း ချစ်သူဖြစ်သူက ခွင့်လွှတ်နားလည်နိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲတမ်း ကိုယ်ထင်ရာကိုသာ လုပ်တတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားများဖြစ်တတ်ပါသတဲ့... ဒီ့အပြင် သူများပြောတာကိုလည်း နားယောင်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်တတ်ပါသတဲ့... ကလေးငယ်တစ်ယောက်ကို လူကြီးဖြစ်အောင် ပြုစုပြိုးထောင်ပေးတဲ့ စိတ်နဲ့ မဟုတ်ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲတာ ကောင်းပါသတဲ့...

3. 'ငါ' စွဲကြီးသူ
ကိုယ့်ကိုကိုသာ စိတ်ဝင်စားတတ်တဲ့ ယောင်္ကျားမျိုးဟာလည်း ရှောင်သင့်တဲ့ ယောင်္ကျားမျိုးထဲမှာ ပါဝင်ပါတယ်တဲ့... ဒီလိုလူများကတော့ စကားနည်းနည်း ပြောကြည့်ရင်သိနိုင်ပါတယ်တဲ့... သူများအကြောင်းဆိုရင် နားမထောင်ချင်ဘဲ သူ့အကြောင်းကိုသာ မပြတ်ပြောလိုသူများဖြစ်ပါတယ်တဲ့... အဲဒီလိုယောင်္ကျားမျိုးနဲ့ ချစ်ကြိုက်မိတယ်ဆိုရင်တော့ အမြဲတမ်း သူ့အကြောင်းဘဲ နားထောင်နေရမှာပါတဲ့... သတိထား ရှောင်ကြဘို့တော့ လိုမယ်နော်

4. အဲဒီလို မစားနဲ့...အဲဒီလို မထိုင်နဲ့... အဲဒီလို ...အဲဒီလို...
ဒီလိုဘဲ သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်တဲ့ ကိစ္စတွေကအစ အဆက်မပြတ်ကိုဘဲ ပွစိပွစိပြောတတ်သူပါ... အဲဒီလိုလူမျိုးကတော့ တော်တော်လေးကို ရှေးဆန်ပြီး တယူသန် သမားတွေ ဖြစ်ကြပါတယ်.... ဒီလိုလူမျိုးကတော့ ကိုယ့်အယူအဆကလွဲပြီး ဘယ်သူ့ အတွေးအခေါ်ကိုမှ အသိအမှတ်ပြု လက်ခံသူများ မဟုတ်ပါဘူးတဲ့... ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ လိုအပ်တဲ့ အချက်တွေ တစ်ချက်မှ မရှိတဲ့ လူမျိုးပါဘဲ... ဒီလိုလူမျိုးကို ချစ်ဘို့လည်း နည်းနည်း စဉ်းစားဘို့တော့ လိုလိမ့်မယ်နော်....
ဒီစာကို ဖတ်မိတဲ့ အမျိုးသမီး မမများကတော့ တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီ အချက်လေးများကို သတိရပြီး စဉ်းစားဆုံးဖြတ်နိုင်ပါစေ... ဒီစာကို ဖတ်မိတဲ့ အမျိုးသားများကတော့ ကိုယ်ကိုတိုင်ဟာ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ ပါဝင်နေရင်တောင် မိမိရဲ့ အကျင့်လေးများကို ပြုပြင်နိုင်ပါစေ... ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်လည်း နောက်နောင် ဒီလို မဖြစ်အောင် ကြိုတင် ဆင်ခြင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်....

နောက်နေ့တွေမှာလည်း ဒီ့ထက် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ စာများကို ဖော်ပြပေးအုံးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါရန်....