တစ်နေ့မှာတော့ ထမင်းစားဖို့ ပြင်ဆင်ရင်း ရုတ်တရက် ကျွန်တော်တို့ မိသားစုတွေဟာ အရမ်းကို ဖြုန်းတီးလွန်းတယ်ဆိုတဲ့ အတွေးဝင်လာမိတယ်။ ဒါကတော့ မဟုတ်သေးဘူးလို့ ထင်မိတယ်လေ။ သားငယ်လေးကလည်း ရေခဲသတ္တာထဲက expired dateကို တစ်ရက်လောက် ကျော်သွားတဲ့ စားသောက်ကုန် ပစ္စည်းမှန်သမျှ လွှင့်ပြစ်တော့တာပါပဲ။ ကျွန်တော်ကလည်း စတိုးဆိုင်ကို ရောက်တာနဲ့ စားစရာတွေကို ခြင်းထဲ အပြည့် ထည့်ပြီး ၀ယ်တတ်ပါတယ်။ ဒီလို ၀ယ်တတ်တဲ့ ကြောင့်လည်း ၀ယ်ထားတဲ့ဟာတွေကို ကုန်အောင် မစားနိုင်ဘဲ လွှင့်ပစ်ရတဲ့ အခါတွေက များနေတာပေါ့လေ။ ဒါကြောင့် သိပ်မကြာခင်ကစပြီး ရေခဲသတ္တာထဲမှာ ဘယ်လောက်ကျန်သေးလဲဆိုတာကို ကြည့်ပြီးတော့မှ တကယ် လိုအပ်တဲ့ ဟာကိုသာ ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်ကစပြီး ရေခဲသတ္တာ သန့်ရှင်းရေး လုပ်ပြီးသားလည်းဖြစ် ဈေးဖိုးလည်း ချွေတာပြီးသား ဖြစ်သွားပါတယ်။ ဒီလို ဘ၀မျိုးမှာ နေရပေမယ့် တခါတခါ ကျွန်တော့မေမေနဲ့ ဖေဖေတို့ခေတ်ကို သတိရမိတယ်။ ၁၉၅၀နှစ်တုန်းက ကျွန်တော့ မိဘများဟာ ဆိုးလ်မှာ တဲအိမ်လေး သေးသေးလေးနဲ့ မိသားစုလေးကို စတင်ခဲ့ပါတယ်။ ကျွန်တော့အဖေလည်း အဲဒီ့အချိန်တုန်းက အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတာမို့ ကြုံရာကျပန်းအလုပ်ကို လုပ်ရင်း တနေ့တနေ့ ထမင်းနပ်မှန်အောင် ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့တော့ ထမင်းစားဖို့ ကြည့်လိုက်တော့ ဟင်းအနေနဲ့ စားဖို့ ဆားလေးတောင် မရှိတာကို သွားမြင်ပါလေရော။ ဒါကြောင့် အမေက အိမ်ရှင်အဒေါ့်ဆီမှာ ဆားတောင်းဖို့ ထွက်သွားခဲ့ပါတယ်။ အမေကလည်း ဟင်းစားစရာမရှိလို့ ဆားလေးနည်းနည်းပေးပါလို့ မတောင်းချင်တော့ ဒီလို ပြောလိုက်ပါသတဲ့။
"အဒေါ် သွားလေးတိုက်ချင်လို့ ဆားလေး နည်းနည်း ပေးလို့ရမလားရှင်"
ကျွန်တော့ ဖေဖေနဲ့ မေမေက ကျွန်တော်တို့ မောင်နှမတွေကို တစ်ခါတစ်ခါ ဒီအကြောင်းတွေ ပြောပြပြီး အခု လက်ရှိ ပိုင်ဆိုင်နေတဲ့ အရာတွေကို ကျေကျေနပ်နပ်ရှိဖို့ သင်ပေးလေ့ရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော့ သားသမီးတွေကို ဒီအကြောင်းလေး ပြောပြပြီး အစားအသောက်ရဲ့ တန်ဖိုးကို သိအောင် သင်ပေးပါဦးမယ်။


