စစ်မှန်သော အောင်မြင်မှု  

ရေးသားသူ - XyBo

အမြဲတမ်း အနာဂါတ်ကိုဘဲ ဦးတည်ပြီး ဘ၀လမ်းကို လျှောက်လှမ်းခဲ့တဲ့ လူတစ်ယောက်။ သူက ဘ၀ရဲ့ အောင်မြင်မှုဟာ ငွေကြေးချမ်းသာမှုနဲ့ ဂုဏ်သိက္ခာလို့ သတ်မှတ်ပြီး သူသတ်မှတ်ထားသလို သူကိုယ်တိုင်ဟာလည်း လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နိုင်သူတစ်ခု ဖြစ်ခဲ့ပါပြီ။ သူ့ဟာ သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်လေးတွေကို အလုပ်တွေလုပ်ရင်းနဲ့သာ ကုန်ဆုံးခဲ့ပါတယ်။ ဒါနဲ့ အချိန်တွေကြာလာတာနဲကအမျှ သူရဲ့ ငယ်ရွယ်နုပျိုမှုတွေကုန်ဆုံးပြီး လူလတ်ပိုင်းကို ရောက်ရှိလာပါတော့တယ်။ တစ်နေ့မှာတော့ သူဟာ လေညှင်းခံဖို့ မြစ်ကမ်းနားကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မြစ်ကမ်းနံဘေးကို ရောက်တော့ သူ ငယ်ရွယ်နုပျိုတဲ့ လူငယ်လေးတစ်ယောက် ငါးမျှားနေတာကို လှမ်းတွေ့လိုက်တယ်။ အဲဒီလူငယ်လေးဟာ မြစ်ရေပြင်ကြီးကို ငေးကြည့်ရင်း အချိန်တွေကို ကုန်ဆုံးနေတာကို တွေ့ရတယ်။ ဒီတော့ သူက စဉ်းစားလိုက်တယ်။ ဒီလူငယ်လေးဟာ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို အလကား ကုန်ဆုံး နေပါလား ဆိုပြီးတော့ပေါ့။ သူ ငယ်စဉ်တုန်းကတော့ တစ်မိနစ် တစ်စက္ကန့်ကိုတောင်မှ အလကားမဖြစ်အောင်နေခဲ့တဲ့ အတွက် ဒီလူငယ်လေးဟာ သူ့မျက်လုံးထဲမှာတော့ အလကား အချိန်ဖြုန်းနေသလို မြင်နေတော့တာပေါ့။ ပြီးတော့ သူဟာ လူငယ်လေးနားကို သွားပြီး စကားသွားပြောလိုက်ပါတယ်တဲ့။

"နေပါဦး..ဒီလောက်ရာသီဥတု ကောင်းနေတာ ဒီမှာ လာပြီး ဘာလုပ်နေတာလဲကွယ့်..."

"ဦး မြင်တဲ့ အတိုင်း ကျွန်တော် ငါးမျှားနေတာပါ..."

"ဒီလို ငယ်ငယ်ရွယ်ရွယ်မှာ ဒီ့ထက် တန်ဘိုးရှိပြီး စတိုင်လ် ကျစေမယ့် အလုပ်တွေကို ပိုပြီး မလုပ်သင့်ပေဘူးလား.."

"ဒါပေမယ့် ကျွန်တော်က ငါးမျှားရတာကို ကြိုက်တယ်လေ... ငါးမျှားရင်းနဲ့ ကိုယ်တွေးချင်တာတွေကို တွေးလို့ရတယ်လေ... ပြီးတော့ မိလာတဲ့ ငါးတွေကိုလည်း ရောင်းစားလို့ရသလို ညနေစာအနေနဲ့ချက်စားလို့လည်း ရတယ်လေ.."

"ဒီ့ထက်ပိုပြီး တွက်ခြေကိုက်တဲ့ အလုပ်မျိုးကို လုပ်ဘို့ စိတ်ကူးမရှိဘူးလားကွဲ့... အလုပ်တစ်ခုဝင်လုပ်ပြီး ပိုက်ဆံရှာတာမျိုးပေါ့..."

"ကျွန်တော်က ဘာကြောင့် အဲဒီလို အလုပ်မျိုးကို လုပ်ကို လုပ်ရမှာလဲဆိုတာ ဦး ကျွန်တော့ကို ပြောပြလို့ရမလား.."

"ကြိုးကြိုးစားစားသာလုပ်မယ်ဆိုရင် အမြင့်တနေရာကို ရောက်နိုင်လို့ပေါ့..."

"ဒါဆို အမြင့်တနေရာကို ရောက်ရင် ဘယ်လို ကောင်းကြိုးတွေ ခံစားနိုင်မလဲ.."

"အဲဒီ့အချိန်ကျရင် မင်းလုပ်ချင်တာမှန်သမျှ အားလုံး လုပ်လို့ရပြီလေကွာ.."

သူက ဒီလိုလည်း ပြောရော ကောင်လေးက ရီတော့တာဘဲ။ ပြီးတော့ သူ့ကို ဒီလို ပြန်ပြောလိုက်တယ်။

"အဲဒီ့လို ကိုယ်လုပ်ချင်တာလုပ်နိုင်တယ်ဆိုတာ အခုလိုမျိုးလား ဦး...တနေကုန် ထိုင်ပြီး ငါးမျှားနေရတာမျိုးပေါ့..."

လူတွေဟာ တစ်ယောက်နဲ့ တယောက် မတူညီတဲ့ အနာဂတ်အိပ်မက်တွေကို မက်နေတတ်ကြပါတယ်။ ဒီလိုဘဲ ပျော်ရွှင်မှုရဲ့ အရသာနဲ့ အောင်မြင်မှုရဲ့ အတိုင်းအတာကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကိုယ်တိုင်က ဘာကို တကယ်လိုလားတယ် ဆိုတာကို သေချာမသိဘဲ စွတ်ပြေးနေတာမျိုးလည်း တခါတလေမှာ ဖြစ်နိုင်ပါတယ်။ ဦးတည်ချက်ကို ရောက်ဖို့ တည့်တည့်မတ်မတ် သွားနေတယ်လို့ထင်တဲ့ ဒီလမ်းကလေးဟာ ကွေ့ပတ်ပြီး သွားနေတာ ဟုတ်မဟုတ်ကိုတော့ တခါပြန်ပြီး ဆန်းစစ်ဖို့လိုပါတယ်။ ဘ၀ရဲ့ အောင်မြင်မှုဟာ ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ လိုလားတဲ့ အလုပ်ကို လုပ်နေတာမျိုး ဖြစ်တဲ့ အတွက်ကြောင့်ပါ။

၁၂နာရီကြာ Lemon Tea ၏ အစွမ်း  

ရေးသားသူ - XyBo

စုံတွဲ တစ်တွဲ ကော်ဖီဆိုင်ထဲမှာ ငြင်းခုန်မှုတစ်ခု ဖြစ်ကြတယ်။ နောက်ဆုံးတော့ ကောင်လေးက ဒေါသတကြီးနဲ့ အပြင်ကို ထွက်သွားတယ်။ ကောင်မလေးကတော့ မျက်ရည်လေး တစမ်းစမ်းနဲ့ တစ်ယောက်တည်း ကော်ဖီဆိုင်မှာ ကျန်ခဲ့တယ်။ ၀မ်းနည်းမှုတွေရော ဒေါသဖြစ်တာတွေရောနဲ့ စိတ်ရှုပ်နေတဲ့ ကောင်မလေးက သူ့ရှေ့မှာ ချထားတဲ့ လီမွန်တီးဖန်ခွက်ကို ဆွဲယူလိုက်ပြီး သူ့စိတ်ထဲမှာ ခံစားနေရတာတွေအားလုံးကို လီမွန်တီးဖန်ခွက်ထဲက သံပုရာခြမ်းလေးအပေါ်မှာ ပေါက်ခွဲပစ်လိုက်တယ်။ သံပုရာခြမ်းလေးကို အခွံနဲ့ အသား တစ်စစီ ဖြစ်အောင် ဇွန်းကလေးနဲ့ ထိုးခြေနေတော့တာပါဘဲ။ အဲဒီလိုလည်း ထိုးခြေရော သံပုရာ အခွံက အခါးတွေကထွက်ကုန်ရော။ အဲဒီတော့ ကောင်မလေးက စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး အခွံမရှိတဲ့ သံပုရာခြမ်းပါတဲ့ လီမွန်တီးတစ်ခွက်နဲ့ လဲပေးဘို့ ပြောလိုက်တယ်။ စားပွဲထိုးလေးကလည်း ဘာမှ မပြောဘဲ လီမွန်တီးတစ်ခွက်နဲ့ လဲပေးလိုက်တယ်။ ဒါပေမယ့် သံပုရာခြမ်းကတော့ စောစောကလိုဘဲ အခွံလေးနဲ့ပါဘဲ။ ဒါကိုမြင်တော့ ကောင်မလေးက တော်တော် ဒေါသထွက်သွားပြီး ကျွန်မက သံပုရာခြမ်းကို အခွံမပါစေပါနဲ့လို့ ပြောလိုက်တယ်လေ ဆိုပြီး စားပွဲထိုးကို အော်လိုက်တယ်။ ဒီတော့ စားပွဲထိုးလေးက

"အစ်မ...စိတ်မလောပါနဲ့... သံပုရာခွံကို ရေထဲမှာ ကောင်းကောင်း စိတ်ရှည်ရှည်နဲ့ စိမ်ထားမယ်ဆိုရင် သံပုရာခွံမှာ ရှိတဲ့ အခါးတွေ အားလုံးပျောက်ပြီး အရမ်းကို လန်းဆန်းစေတဲ့ အရသာကို ဖြစ်စေပါတယ်... ဒါကြောင့်မို့ စိတ်မြန်လက်မြန်နဲ့ သံပုရာသီးခွံကို ခွာမပစ်ပါနဲ့ အစ်မရယ်..."

ကောင်မလေးလည်း တော်တော်လေး ကြာအောင် ကြောင်နေပြီးမှ စားပွဲထိုးလေးရဲ့ စကားအနက်ကို ရင်ထဲက ခံစားလိုက်ရပါတယ်။ ပြီးတော့ စားပွဲထိုးလေးကို ထပ်မေးလိုက်တယ်။

"ဒါဆို အကောင်းဆုံး လီမွန်တီးတစ်ခွက်ကို သောက်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ..."

"၁၂နာရီပါ။ ၁၂နာရီ ကြာရင်တော့ သံပုရာသီးဟာ သူ့မှာရှိတဲ့ ရနံ့အားလုံးကို ထုတ်ပြီး အကောင်းဆုံး အရသာ တစ်ခုကို ထုတ်ပေးပါလိမ့်မယ်... ဒါကို သောက်ချင်ရင်တော့ အစ်မက ၁၂နာရီ ရင်းနှီးဖို့တော့ လိုတာပေါ့လေ..."

စားပွဲထိုးလေးက စကားကို ခဏ ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ်။

"ဒီလီမွန်တီး တခုတည်းတင် မဟုတ်ပါဘူး...ဘယ်အလုပ်ဘဲ ဖြစ်ဖြစ် ၁၂နာရီကြာအောင် စိတ်ရှည်လက်ရှည်နဲ့ စောင့်စားနိုင်မယ်ဆိုရင်တော့ အရာရာဟာ ထင်ထားသလောက် မဆိုးဘူးဆိုတာကို သိလာနိုင်မှာပါ...."

ဒီလို ပြောပြီး စားပွဲထိုးလေးက ခေါင်းညွှတ် နှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်။
လီမွန်တီးလေးအကြောင်းကို တစ်ယောက်တည်း တိတ်ဆိတ်စွာ စဉ်းစားရင်းနဲ့ ကောင်မလေး အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကိုယ်တိုင် လီမွန်တီးလေး ဖျော်လိုက်တယ်။ ၁၂နာရီကြာလို့ သောက်ကြည့်လိုက်တဲ့ အခါမှာတော့ သူမ တစ်သက်တာမှာ တစ်ခါမှ မသောက်ဘူးတဲ့ အရသာမျိုးကို သူမခံစားလိုက်ရတယ်။ သူမ အရမ်းကျေနပ်နေမိပါတယ်။ ဒီအချိန်မှာ အိမ်ရှေ့ကနေ ဘဲလ် တီးသံကို ကြားလိုက်ရပါတယ်။ တံခါးဖွင့် ကြည့်လိုက်တော့ သူမရဲ့ ချစ်သူက ပန်းစည်းလေးကိုင်ပြီး ရပ်နေတာကို တွေ့လိုက်ရတယ်။ သူမ ပြုံးလိုက်တယ်။ ပြီးတော့ သူမချစ်သူကို လီမွန်တီးလေးနဲ့ ဧည့်ခံလိုက်တယ်။ ပြီးတော့ သူမက ပြောလိုက်ပါတယ်။

"တို့နှစ်ယောက် ကတိတစ်ခုပြုရအောင်.... နောင်ကို တို့တွေ ဘယ်လို ပြဿနာနဲ့ဘဲ တွေ့တွေ့ အချင်းချင်း ဒေါသထွက် စိတ်တိုမယ့် အစား ဒီ လီမွန်တီးလေးကို သတိပြုကြရအောင်...."

"ဒီ လီမွန်တီးလေးကို..ဟုတ်လား..."

"အင်း...ဟုတ်တယ် ဒီလီမွန်တီးလေးကို စိတ်ရှည်လက်ရှည်နဲ့ ၁၂နာရီလောက်ကြာအောင် စောင့်နိုင်တာမျိုးပေါ့..."

လီမွန်တီးလေးကတော့ သူမရဲ့ ဘ၀ကို ပြောင်းလဲပေးခဲ့ပါပြီ။ သူမ အမြဲ စားပွဲထိုးလေးပြောတဲ့ စကားကို ကြားယောင်နေဆဲပါ။

"အကယ်၍.......အစ်မက ၃မိနစ်အတွင်း သံပုရာသီးရဲ့ အရသာကို ညှစ်ထုတ်ပစ်ဘို့ အတင်းကြိုးစားနေမယ်ဆိုရင်တော့ လီမွန်တီဟာ ပိုခါးပြီ ဖန်ခွက်မှာလည်း အစင်းကြောင်းတွေသာ ကျန်နေခဲ့တော့မှာပါ...."


အားလုံးစိတ်ရှည် သည်းခံနိုင်ဘို့ ကျွန်မဖတ်နေသော စာအုပ်လေးထဲမှ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။


သင်ဘယ်လောက် အလုပ်လုပ်ချင်စိတ် ရှိလဲ  

ရေးသားသူ - XyBo

ဒီကနေ့လည်း ကစားနည်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ကစားနည်းကနေ သင်ဟာ အလုပ်လုပ်တဲ့အခါမှာဘဲ ဖြစ်ဖြစ်၊ စာကြည့်တဲ့ အခါမှာဘဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ကြိုးစားတတ်တဲ့ ပုံစံကို သိနိုင်ပါတယ်တဲ့။

မေးခွန်းကတော့ တစ်ပတ်မှာ ၇ရက်ရှိတာကို အကယ်၍ တစ်ရက်ထပ်တိုးရမယ်ဆိုရင် ဘယ်ရက်ကို ထပ်တိုးချင်ပါသလဲတဲ့။

၁. တနင်္ဂနွေ
၂. တနင်္လာ
၃. အင်္ဂါ
၎. ဗုဒ္ဓဟူး
၅. ကြာသပတေး
၆. သောကြာ
၇. စနေ

ကဲ ဒီ၇ရက်ထဲက တစ်ရက်ကို ရွေးလိုက်ကြစို့နော်....အဖြေကတော့..............


ရွေးပြီးမှ ဆက်ကြည့်နော်








တနင်္လာ

အထူးသဖြင့် တနင်္လာဆိုရင် ကျောင်းတွေ၊ ရုံးတွေ စဖွင့်တဲ့နေ့ ဖြစ်တာကြောင့် စိတ်ဖိစီးမှုများစေတဲ့ နေ့လို့တောင် ပြောလို့ရပါတယ်။ ကိုရီးယားအသုံးအနှုံး တစ်ခုထဲမှာတောင် တနင်္လာရောဂါဆိုတဲ့ စကားလုံးလေး ရှိတဲ့ အခါပါဘဲ။ ထို့ပြင် ပိတ်ရက်ကုန်ဆုံးပြီး နောက်နေ့ ဖြစ်တာမို့ အလုပ်တွေက ပိုများနေတတ်သလို မတော်တဆဖြစ်မှုတွေကလည်း ပိုများနေတတ်ပါတယ်တဲ့။ ဒီလို တနင်္လာနေ့ကို ထပ်တိုးချင်တယ်ဆိုတဲ့ လူတွေကတော့ အမြဲတမ်း အလုပ်နဲ့ဘဲ လုံးပန်းနေရတဲ့ လူမျိုးတွေပါတဲ့။ ဒါ့အပြင် အလုပ်လုပ်ရတာကိုလည်း နှစ်သက်သလို လက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ယုံကြည်မှု အပြည့်နဲ့ ကြေနပ်နေပါတယ်တဲ့။

အင်္ဂါ၊ ကြာသပတေး

ဒီနေ့တွေကတော့ ထူးထူးခြားခြား သိပ်မရှိလှတဲ့ နေ့တွေပဲ ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ ဒီနေ့တွေမှာ တချို့ စားသောက်ဆိုင်များ၊ အ၀တ်လျှော်ဆိုင်များ ပိတ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီရက် ၂ရက်ကို ရွေးချယ်သူများကတော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း အသင့်အတင့်ရှိပြီး၊ အလုပ်လုပ်တဲ့ နေရာမှာလည်း အသင့်အတင့် နားတဲ့ အခါမှာလည်း အသင့်အတင့် ရှိတဲ့ လူများပါတဲ့။

ဗုဒ္ဓဟူး

တစ်ပတ်ရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဒီနေ့ကို တိုးချင်တယ်ဆိုတဲ့ လူများကတော့ အထူးသဖြင့် ကျောင်းသားများ၊ အလုပ်အရမ်းများသူများ ဖြစ်တတ်ပါတယ်တဲ့။ သာမာန်လူတွေအတွက်ကတော့ ဒီနေ့ဟာ စိတ်အသက်သာဆုံးလို့လည်း ထင်တတ်ကြပါတယ်။ လှုပ်ရှားနေတဲ့ စိတ်တွေဟာ အနည်ထိုင်လာပြီး လည်ပတ်ရင်းနဲ့ဘဲ ဖြစ်ဖြစ်၊ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးတတ်ကြပါတယ်။ ဒါ့အပြင် ဒီကနေ့က ညှို့အား အနည်းငယ်ရှိတာကြောင့် လုပ်ငန်းခွင်၊ ကိုယ်နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ အချစ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာလေးတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့်ဒီနေ့လေးကို နှစ်သက်သူများကတော့ အချစ်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှု အနည်းငယ် ရှိတတ်ပါတယ်တဲ့။

သောကြာ

စနေ၊တနင်္ဂနွေ မတိုင်ခင် နေ့ဖြစ်လို့ အလုပ်ရှုပ်သော်လည်း ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါ။ ပိတ်ရက်တွေမှာ လုပ်မယ့်အလုပ်တွေကို ကြိုတင်တွေးရင်း ပျော်ရွှင်နေရတဲ့ နေ့လေးပါ။ ဒီပျော်ရွှင်မှုလေးကြောင့်လည်း သောကြာနေ့မှာ လုပ်တဲ့ အလုပ်မှန်သမျှကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်တတ်ကြပါတယ်တဲ့။ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ယခု လက်ရှိအလုပ်ကို နှစ်သက်နေပြီး အနာဂါတ်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်လည်း အပြည့်ရှိသူများ ဖြစ်ပါတယ်တဲ့။ အဲဒီ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဘို့လည်း စနစ်တကျ လုပ်ဆောင်နေတဲ့ လူများပါတဲ့။

စနေ၊ တနင်္ဂနွေ

ဒီနေ့လေးကတော့ အလုပ်ပင်ပန်းမှုတွေကနေ လွတ်မြောက်တဲ့ နေ့လေးလည်း ဖြစ်ပါတယ်။ ဒီသဘောထားအရ ကြည့်မယ်ဆိုရင်တော့ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ကိုယ်ပိုင် အချိန်တွေကို ပိုင်ဆိုင်ချင်ပြီး လွတ်လပ်မှုကို လိုလားသူများ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားမှုထက် ကိုယ့်ရဲ့ လွတ်လပ်မှုကို အလေးထားတဲ့ လူများလည်း ဖြစ်ပါတယ်။